ဆိုးဆေးနဲ့ အသည်းကျန်းမာရေး
ယနေ့ခေတ် အစားအစာတွေ၊ သောက်စရာတွေ တော်တော်များများက သက်တံရောင်ခြယ်လို အရောင်အသွေး စုံလင်စွာ ရရှိနေပြီ ဖြစ်ပါတယ်။ အစားအစာ တော်တော်များများဟာလည်း ဆိုးဆေးတွေနဲ့ ကင်းတယ်ကို မရှိလောက်အောင်ပါ။
ကြော်စားချက်စားတဲ့ မျှစ်တွေကစလို့ ကလေးတွေစားတဲ့ ချစ်စရာမုန့်လေးတွေအဆုံး အကုန်လုံး နီးပါးက ဆိုးဆေးတွေနဲ့ မကင်းကြပါဘူး။
သောက်စရာတွေကရော အတူတူပါပဲ။ အရောင်အသွေးစုံလင်စွာနဲ့ပါ။ အသီးဖျော်ရည်ဆိုတဲ့ အသင့်သောက်ဗူးတွေမှာလည်း ဆိုးဆေးနဲ့ မကင်းကြပါဘူး။
အစားအစာဆိုးဆေးတွေက ဘေးကင်းတယ်ဆိုပေမယ့် တစ်ခါတလေ ရံဖန်ရံခါတွေမှာ ပြဿနာ မရှိပေမယ့် နေ့စဉ် စားသုံးမှုမှာ ပါဝင်လာမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာမှာပါ။ အထူးသဖြင့် အသည်းကိုပေါ့။
အကြောင်းကတော့ အသည်းက စားလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ အရာတွေ နဲ့ ဆေးဝါးတွေကို စိစစ်ခွဲဖြာမှုကို လုပ်ဆောင်လို့ပါပဲ။
အစားအစာတွေမှာပါတဲ့ ဆိုးဆေးတွေက အမြင်လှပေမယ့် အသည်းကို ရောင်စေတာ၊ အသည်းရဲ့ လုပ်ဆောင်မှု စွမ်းရည်ကိ ထိခိုက်စေတာ၊ ဆိုးဆေးမှာပါတဲ့ အချို့သော ဓာတုပစ္စည်းတွေက အသည်းခြောက်စေတာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်သလို အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
အစားအစာ ဆိုးဆေးတွေက တာရှည်ခံ အစားအစာတွေ ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ကိုယ်တွင်းမှာ ရောင်ရမ်းမှုကို တိုးစေနိုင်ပါတယ်။
နောက်တစ်ချက် ကတော့ ဆိုးဆေးထဲမှာပါတဲ့ မော်လီကျူး သေးသေးလေးတွေက ကိုယ်ထဲက ပရိုတင်းလေးတွေမှာ တွယ်ကပ်ပြီး ကိုယ်ခံအားကို အနှောင့်အယှက် ဖြစ်စေပါတယ်။
အသုံးများတဲ့ ဆိုးဆေး အရောင်တွေ ဖြစ်ကြတဲ့ အနီရောင်၊ အဝါရောင်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်တွေ ပါဝင်နေတတ်တာကြောင့် အလွန်အကျွံ အသုံးပြုမယ်ဆိုရင် အသည်း အပါအဝင် ခန္ဓာကိုယ် စနစ်မှာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
- ဆိုးဆေးတွေက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ အကျိတ်တွေ ဖြစ်စေနိုင်သလို ဦးနှောက်မှာလည်း အကျိတ် ဖြစ်စေနိုင်ပါတယ်။ အသည်းနဲ့ သရက်ရွက်တို့မှာလည်း အကျိတ်တွေ ဖြစ်စေနိုင်ပါတယ်။ ဆိုးဆေးတွေက ကလေးတွေမှာ ဆိုရင် အပြုုအမူပိုင်းမှာပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
- ဆိုးဆေးတွေက အသည်းနဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အစာခြေစန်စကို ထိခိုက်စေနိုင်သလို ပန်းနာရင်ကျပ် နဲ့ လေပြွန်ရောင်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- ဆိုးဆေးက အသည်းကို ထိခိုက်စေနိုင်သလို မျိုးဗီဇ၊ Autoimmune ရောဂါတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါသေးတယ်။ ဒါတွေကတော့ ကာကွယ်ဖို့ ခက်နိုင်ပါတယ်။
- ဆိုးဆေးနဲ့အတူ အရက်သောက်တာ၊ ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ၊ အသည်းရောင်ပိုးရှိနေတာတွေကလည်း အသည်းရောဂါ ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေပါပဲ။
ဒါကြောင့် ဆိုးဆေးပါတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ အသီးအရွက်တွေကို များများစားပါ။ အိပ်ရေးဝဝအိပ်ပါ။ လိုအပ်မယ့် ကာကွယ်ဆေးတွေကို ထိုးနှံတာမျိုးတွေ လုပ်ဆောင်ပြီး အသည်းကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့နဲ့ ကိုယ်အလေးချိန် ထိန်းဖို့ကိုလည်း မမေ့ပါနဲ့နော်။
မွန်မွန်